Friday, June 29, 2007

အရှင်စူဠနာ နှင့် ဒါနအကျိုး

တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ အရှင်စူဠနာဂလို့  အမည်ရတဲ့ မထေရ်တစ်ပါး ရှိခဲ့ဖူးပါတယ်။

သီဟိုဠ်ကျွန်း အနုရဓမြို့ ရဲ့  ထူပါရုံကျောင်းတိုက်ကြီးမှာ သီတင်းသုံးနေတဲ့ မထေရ်တစ်ပါးပါ။တစ်နေ့ အရှင်စူဠနာဂ ဆွမ်းစားပြီးလို့  ခံတွင်းဆေးချိန်မှာ သားပေါက်ထားတဲ့ ခွေးမတစ်ကောင်ကို တွေ့ လိုက်ရပါတယ်။ခွေးမကို သေချာကြည့်လိုက်တော့ ပိန်ပိန်ချိချိနဲ့  အတော်ဆာလောင်မွတ်သိပ်နေတဲ့ပုံပါ။ ဆာလောင်မွတ်သိပ်နေတဲ့ ခွေးမကိုမြင်လိုက်တော့ အရှင်စူဠနာဂက တော်တော်လေးသနားသွားပါတယ်။ဒါပေမယ့် ဆွမ်းကလည်း သပိတ်ထဲမှာ ကပ်နေတာလေးတောင် မကျန်တော့ဖူး....။

အဲဒါကြောင့် "ငါသည် စားအပ်ပြီးသော အစာမှန်သော်လည်း ထိုခွေးမအား အန်၍လှူအံ့သောငှာအပ်၏" လို့ နှလုံးပိုက်ပြီး
မိမိရဲ့ ခံတွင်းထဲကို လက်ထိုးအန်ပြီး ခွေးမကို ကျွေးလိုက်ပါတယ်။ အရှင်စူဠနာဂဟာ ခွေးမကို အန်ကျွေးရုံတင်မကပါဖူး၊ အိုးခြမ်းကွဲတစ်ခုထဲမှာ ရေထည့်ပြီး ရေလည်း ရေလည်းတိုက်လိုက်ပါသေးတယ်။

အစာထိုက်သင့်သလောက်ဝသွားတဲ့ ခွေးမကိုကြည့်ပြီး အရှင်စူဠနာဂလည်း တစ်ခါမှမဖြစ်ဖူးတဲ့ ပီတိတွေဖြစ်လာပါတယ်။ ဒါကြောင့် ဆုတစ်ခုကို ကောက်ခါငင်ခါ တောင်းလိုက်ပါတယ်။ သူ့ ရဲ့ ဆုတောင်းက.....

"ငါသည် ဤခွေးမအား မိမိရဲ့ ခန္ခာကိုယ်ကို မငဲ့ကွက်ဘဲ အန်၍ကျွေးရသော ကုသိုလ်ကောင်းမှုကြောင့် နိဗ္ဗာန်ရောက်ရပါလို၏၊ နိဗ္ဗာန်မရသေး၍ သံသရာကျင်လည်ရသည်ရှိသော် ပစ္စည်းလာဘ်လာဘ ပေါများရပါလို၏"

စာထဲမှာတော့ အရှင်စူဠနာဂရဲ့  ဒါနစေတနာဟာ ပထမဇောအဆင့်မှာတင် အရှိန်အဟုန် အစွမ်း တော်တော်ကြီးမားနေခဲ့တယ် လို့ ဆိုပါတယ်။

အရှင်စူဠနာဂ ဆုတောင်းတဲ့နေ့ ညချမ်းမှာပဲ ဒကာ၊ဒကာမများစွာဟာ ထောပတ်တွေ၊ တင်လဲခဲတွေ၊ သကာတွေ၊ ပျားရည်တွေ၊ ဇာတိပ္ပိုလ်ပွင့် အစရှိတဲ့ သီဟိုဠ်ခေတ်မှာ အသုံးများတဲ့ ဆေးတွေ ယူလာပြီး "အရှင်စူဠနာဂ ဘယ်ကျောင်းမှာ နေပါသလဲ" လို့ မေးပြီးလာရောက် ကပ်လှူကြပါတယ်။

နံနက်လင်းလို့ ဆွမ်းခံကြွတဲ့အခါမှာတော့ ဒကာ၊ဒကာမတွေဟာ ရေတွက်လို့ မရနိုင်အောင် ဆွမ်းဟင်းများစွာကို လောင်းလှူတော့တာပါပဲတဲ့။ဘယ်လောက်ထိ ဆွမ်းရသလဲဆိုရင် ထူပါရုံကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ရဟန်းတော်တွေ အပြင်အနီးအပါးကျောင်းတိုက်က ရဟန်းတော်တွေကိုပါ ကျောက်စည်တီးပြီး ပြန်လောင်းလှူရတဲ့ အထိပါပဲတဲ့။အဲ့ဒီ့လို လှူတာက နေ့ စဉ်ရက်ဆက်ပါပဲတဲ့...။

တစ်နေ့ မှာတော့ အရှင်စူဠနာဂဟာ မိမိပြုခဲ့တဲ့ဒါနစေတနာကို ပြန်ဆင်ခြင်ရင်း ပီတိတွေဖြစ်လာပါတယ်။ဒါနဲ့ ပဲ ဖြစ်ပေါ်လာတဲ့ ပီတိကို အခြေခံပြီး ၀ိပဿနာကိုကူး ကမ္မဠန်းဘာဝနာကို ကြိုးကြိုးစားစား အားထုတ်လိုက်တာ ရဟန္တာ ဖြစ်သွားခဲ့ပါတယ်။ တက်ကြွထက်သန်တဲ့ ဒါနစေတနာဟာ ပစ္စုပ္ပန်အကျိုးတင်မကဘဲ အရဟတ္တဖိုလ်အထိ အကျိုပေးသွားတာပါပဲ။

အရှင်စူဠနာဂ ရဟန္တာဖြစ်ပြီးနောက်ပိုင်း တစ်ခုသောကာလအကြာ မှာ ထူပါရုံကျောင်းတိုက်က ရဟန်းတော်ငါးရာကြွလာပြီး မဇ္စျိမဒေသ အိန္ဒိယနိုင်ငံမှာရှိတဲ့ မဟာဗောဓိညောင်ပင်ဆီကို လိုက်ပို့ ပေးဖို့ တောင်းပန်ကြပါတယ်။ အရှင်စူဠနာဂကလည်း လိုက်ပို့ ပေးပါ့မယ်လို့  ပြန်ဝန်ခံလိုက်ပါတယ်။ အရှင်စူဠနာဂကို လိုက်ပို့ ပေးဖို့ တောင်းပန်ရခြင်းရဲ့ အဓိကအကြောင်းကတော့ လမ်းခရီးတစ်လျှောက်မှာ ဆွမ်းကွမ်းအခက်အခဲ မရှိအောင်လို့ တဲ့။

အသွားလမ်းခရီးမှာတော့ အရှင်စူဠနာဂရဲ့ စေတနာကုသိုလ်ကံကြောင့် နတ်ကောင်နတ်မြတ်တွေက ကူညီစောင့်ရှောက်သလို ရောက်ရာဒေသက ဒကာ၊ဒကာမတွေကလည်း ဆွမ်းခဲဖွယ် ဘောဇဉ်တွေ လှူတန်းကြတဲ့ အတွက် အခက်အခဲမရှိဖူးပေါ့..။ မဟာဗောဓိညောင်ပင်ကိုဖူးပြီး အပြန် လမ်းခရီးမှာ အရှင်စူဠနာဂဟာ လေ၀မ်းရောဂါကို အပြင်းအထန် ခံစားရပါတော့တယ်.။ ဒီတော့အတူပါလာတဲ့ ရဟန်းတော်တွေလည်း မျက်စိပျက်၊ မျက်နှာပျက် နဲ့ ပေါ့.။ ဘာလို့ လဲဆိုတော့ အကယ်၍ အရှင်စူဠနာဂ လမ်းခရီးမှာ ပရိနိဗ္ဗာန်ပြုခဲ့ရင် သူတို့ အတွက် ဆွမ်းကွမ်း အခက်အခဲတွေ့ မှာ စိုးလို့ ပါတဲ့...ကဲ...ကောင်းရော။ ဒါကိုသိတဲ့ အရှင်စူဠနာဂက အဖော်ရဟန်းငါးရာကို ဘယ်လိုမိန့် သလဲဆိုတော့ " အရှင်ဘုရားတို့ အထွေအထူး မစိုးရိမ်ကြပါနဲ့ ၊ တပည့်တော် ပရိနိဗ္ဗာန်ပြုခဲ့ရင် ကြွင်းကျန်တဲ့ ဓာတ်တော်ကို ရှေ့ ဆုံးကကြွတဲ့ မထေရ်ရဲ့ ရေစစ်မှာဖြစ်ဖြစ်၊ သပိတ်မှာဖြစ်ဖြစ် ဖွဲချည်ပြီး မြိုရွာထဲဝင်ပါဘုရား။ ဒါဆို အရှင်ဘုရားတို့  အတွက် လမ်းခရီးမှာ ပစ္စည်းလေးပါးအတွက် မပင်မပန်း ဖြစ်ရပါလိမ့်မယ် ဘုရား" လို့ အကြံပေးတော်မူပါတယ်။

အရှင်စူဠနာဂမထေရ်လည်း အဲဒီလိုအကြံပေးပြီး မကြာခင်မှာပဲ ပရိနိဗ္ဗာန်ပြုသွားပါတယ်။ ကျန်ခဲ့တဲ့ သီတင်းသုံးဖော် ရဟန်းတော်တွေလည်း အရှင်စူဠနာဂရဲ့ အလောင်းတော်ကို ကောင်းကောင်းသဂြိုင်္လ်ပြီး အရှင်စူဠနာဂ မှာခဲ့တဲ့အတိုင်း ဓာတ်တော်တွေကိုယူပြီး ကြွတော်မူကြပါတယ်။ ကြွတော်မူတဲ့ လမ်းခရီးတစ်လျှောက် ပစ္စည်းလေးပါး အတွက် မပင်မပန်းရဘဲ မိမိတို့ သီတင်းသုံးရာ ထူပါရုံကျောင်းတိုက်ကို ပြန်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

စေတနာဒါနရဲ့ အကျိုးကျေးဇူးကို ခံစားခဲ့ရတဲ့ အရှင်စူဠနာဂ ရဲ့ အကြောင်းလေးပါ။စေတနာကြီးမားလှတဲ့ သာမာန်ဒါနလေးဟာ ကာကံရှင် မရှိတော့တာတောင် ကျန်ခဲ့တဲ့သူတွေအတွက် အကျိုးပြုသွားတဲ့ သီဟိုဠ်ဓမ္မ၀တ္တုလေးပါပဲ...။


ကျမ်းကိုး-

မဓုရ ရသ၀ါဟိနီကျမ်း - စူဠနာဂမထေရ်ဝတ္တု

Face (မုခ)မဂ္ဂဇင်း ဇန်န၀ါရီ၊ ၂၀၀၃


No comments:

© New Blogger Templates | Webtalks